ပုံပါကျင် ဩဂုတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ် ဆေးထိုးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်းကိုဆောင်ရွက်လျက်ရှိရာ ပုံပါကျင်မြို့ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ဩဂုတ်လ (၃)ရက်နေ့နှင့်(၄)ရက်နေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုံပါကျင်မြို့ ကျေးလက်ကျန်းမာရေးဌာန၊ ဟွေအောကျန်းမာရေးဌာနခွဲ၊ နမ့်ယွန်း ကျန်းမာရေးဌာနခွဲများတွင် လူစုလူဝေးမဖြစ်စေရေးအတွက် ရပ်ကွက်ကျေးရွာများခွဲခြားပြီး ဆေးထိုးဆေးတိုက်ခြင်း ဆောင်ရွက်မည့်အချိန်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အကြောင်းကြားခဲ့ကြောင်း၊ လုပ်ငန်းစဉ်များ တွင် ကလေးငယ်များအား ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း၊ အာဟာရစောင့်ရှောက်မှု ကျန်းမာရေးပညာပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးခြင်း၊ သံဓာတ်အား ဆေးပေးခြင်းနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပုံပါကျင်မြို့တွင် ကလေးငယ်( ၂၀၉ ) ဦး ကို ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းဆောင်ရွက်ပြီး ကိုယ်ဝန် ဆောင်မိခင်( ၅၇ ) ဦး ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
စန္ဒီ(ပြန်/ဆက်)