ညောင်ရွှေ ဇန်နဝါရီ ၂၁
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးသည် ယနေ့နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့်အတူ အမှတ်(၂)စစ်မြေပြင်ဆေးတပ်ရင်း(တောင်ကြီး)မှ ဒုတိယဗိုလ်မှူးကြီးသက်နိုင် ဦးဆောင်သည့် တပ်မတော်ဆေးပါရဂူများ၊ ဆရာဝန်ကြီးများ၊ ဆေးဖက်ကျွမ်းကျင်ဝန်ထမ်းများပါဝင်သည့် တပ်မတော်နယ်လှည့်ကွင်းဆင်းကုသရေးအဖွဲ့မှ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ မြို့မရန်ကုန်ဘုန်းတော်ကြီးကျောင်း၌ ဒေသခံတိုင်းရင်းသားပြည်သူများအား အခမဲ့ဆေးကုသပေးခြင်း၊ ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ပြီး လာရောက်ဆေးကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တပ်မတော်နယ်လှည့်ကွင်းဆင်း ဆေးကုသမှုတွင် အထွေထွေရောဂါ၊ ခွဲစိတ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ သွားရောဂါ ဝေဒနာရှင် သံဃာတော် (၁၄)ပါး၊ အမျိုးသား (၅၆)ဦး၊ အမျိုးသမီး (၈၄)ဦး၊ စုစုပေါင်း (၁၅၄)ဦးတို့အား ကုသပေးခဲ့ပြီး ခေတ်မီစက်ကိရိယာများဖြင့် ဆီးချိုစစ်ဆေးခြင်း (၃၉)ဦး၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (၃၂)ဦး၊ ECG ရိုက်ခြင်း (၃၈)ဦးနှင့် ဆေးဝါးများဖြန့်ဝေပေးခြင်း အစရှိသည့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ