တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို  သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇန်နဝါရီ ၂

တနင်္သာရီတိုင်းဒေသကြီးအဆင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ(၂)၌ ကျင်းပပြီး ဇန်နဝါရီ ၂၃ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့ဖွင့်လှစ်သော စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းသည် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံအသိပညာနှင့် လက်တွေ့ကျကျ အသုံးချနိုင်မည့် ကျွမ်းကျင်မှုများကို စေတနာ့ ဝန်ထမ်းလူငယ်များအနေဖြင့် ရရှိစေရန် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်ကျေးရွာအဆင့်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းထားပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို  အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများ၊ အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းကာ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထို့အပြင် ကြိုတင်ပြင်ဆင်မှုအပိုင်းနှင့် သဘာဝဘေးအန္တရာယ်ကျ ရောက်လာပါက ရေ၊ မီးအပါအဝင် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများသည် အရေးကြီးကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှ ရရှိလာမည့် အသိပညာ ဗဟုသုတများကို အကျိုးရှိစွာ သင်ယူကြရန် လိုအပ်ပြီး သင်တန်းပြီး၍ မိမိဌာနသို့ ရောက်ရှိပါက ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်း၊ သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါ ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့နည်းစေရန်အတွက် မိမိတို့၏လုပ်ငန်းနယ်ပယ်နှင့် ပေါင်းစပ်၍ ဌာနများကြား ပူးပေါင်းဆောင်ရွက်ရန်နိုင်စေရန်၊ ဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာရပါက ထိရောက်လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများကို ဆောင်ရွက်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို ဝိုင်းဝန်းတည်ဆောက်နိုင်ကြမည်ဟု ယုံကြည်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးတို့က သင်တန်းသား/သူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)