မြိတ် ဇန်နဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ ပြည်ထောင်စုစိတ်ဓာတ် တိုးတက်မြင့်မားစေရန်၊ အသိပညာဗဟုသုတများရရှိစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့ကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက လူငယ်ရေးရာ အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် နိုင်ငံချစ်စိတ်မျိုးချစ်စိတ်များ အစဉ်ထာဝရမွေးမြူပြီး ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်များကို တန်ဖိုးထားကြကာ တန်ဖိုးရှိသော အနာဂတ်လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြရန်၊ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးကို ကာကွယ်ထိန်းသိမ်းကြရန် ပြောကြားသည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ချိုချိုစန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူငယ်များ အနေ ဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရှိစေရန် လိုအပ်ချက်များကို ဆွေးနွေးဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဝေငှပေးပြီး အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်များ ပြသပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြ ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)