တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (MSME) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဇန်နဝါရီ ၂

တနင်္သာရီတိုင်းဒေသကြီး၊ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (MSME)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်သောကြောင့် တိုင်းဒေသကြီးအနေဖြင့် အောင်မြင်ခမ်းနားစွာပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်သည် တိုင်းဒေသကြီး၏ ပြယုဒ်ဖြစ်သောကြောင့် ထုတ်ကုန်ပြပွဲတွင် ယခင်နှစ်ကထက် အမျိုးအစားစုံလင်စွာပြပွဲ တစ်လျောက်ပြသပေးရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများရှိပါက တင်ပြပေးရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးပြခန်းတွင် ပြင်ဆင်ရမည့်လုပ်ငန်းများ၊ ဈေးရောင်းပွဲတော်တွင်လည်း ရောင်းချမည့်ဒေသရိုးရာ အစားအစာများရှိသောကြောင့် ဌာနဆိုင်ရာများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ထုတ်ကုန်ပြပွဲတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးက ပြသမှာဖြစ်သည့်အတွက် တိုင်းဒေသကြီးအနေဖြင့် ဂုဏ်သိက္ခာရှိစွာ ပြသမည်ဖြစ်ပြီး တိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ဒေသမှထွက်ရှိသော ထုတ်ကုန်များကိုလည်းသိရှိအောင် ပြသမှာဖြစ်သောကြောင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီးနှင့် အဖွဲ့ဝင်များက  ပြည် ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ပြသမည့်ထုတ်ကုန်များ၊ ပြိုင်ပွဲဝင်မည့် MSME လုပ်ငန်းရှင်များ၊ ရောင်းချမည့် ဒေသရိုးရာအစားအစာများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)