ချမ်းအေးသာစံ ဇန်နဝါရီ ၂၂
မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်ကာ မြို့နယ်အဆင့်ပညာတန်ဆောင်စာပေပြိုင်ပွဲ မူလတန်းအထက်ဆင့် ရုပ်ပုံကြည့်စာစီစာကုံးပြိုင်ပွဲကို ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ မြို့နယ်အဆင့် ပညာတန်ဆောင်စာပေပြိုင်ပွဲ မူလတန်းအထက်ဆင့် ရုပ်ပုံကြည့်စာစီစာကုံးပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝါဝါကျော်က ဦးဆောင်ကာ ကျင်းပဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၈ ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။
မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝါဝါကျော်က “မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသားလူငယ်များကို ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ပညာရည်ထူးချွန်ရန်သာမက ပြင်ပဗဟုသုတများစွာ သိရှိနိုင်စေရေးနှင့် ဘက်စုံထူးချွန်သည့် လူရည်ချွန်ကျောင်းသားများ မွေးထုတ်ပေးနိုင်ရေးတို့ကို စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ချမ်းမြေ့မောင် (ပြန်/ဆက်)