တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို "စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇန်နဝါရီ ၂၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ "စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာဦးစွာ ကျောင်းသား/သူများက "မြန်မာပြည်မှာ စာပဒေသာဝေဆာစေရမည် "သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောင်းများတွင် အဓိကထား၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်း ဒေသကြီးအတွင်းကျောင်းပေါင်း ၁၅၀၀ ကျော်ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအချို့ ပိတ်ထားခဲ့ရပြီး အချို့ကျောင်းသား/သူများ၏ အနာဂတ်အတွက်  ရင်လေးဖွယ်ရာဖြစ်ကြောင်း၊  ကျောင်းသား/သူများအနေဖြင့် စာဖတ်ရန် လိုအပ်ပြီး စာဖတ်မှ စာအုပ်ထဲရှိ အသိပညာ၊ အတတ်ပညာများရရှိမည်ဖြစ်ကြောင်း၊ စာပေများစွာဖတ်ရှုပါက အသိပညာ၊ အတတ်ပညာများစွာရရှိမည်ဖြစ်ကြောင်း၊ စာအုပ်စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကို ကျောင်းသားကျောင်းသူများ သိရှိနားလည်ရန် ဆရာ၊ဆရာမများက ရှင်းလင်းပြောကြားပေးကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား/သူတိုင်း စာဖတ်သူ များဖြစ်လာစေရန်လည်းအားပေးတိုက်တွန်းကြရန်လိုအပ်ကြောင်း၊ ကျောင်းစာကြည့်တိုက်များသည် ကျောင်းသား/သူများ အတွက်  သင်ခန်းစာ၊ပြင်ပဗဟုသုတများဖြန့်ဝေရာ ပင်မနေရာများဖြစ်‌အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဓိက အနေဖြင့် တန်ဖိုးရှိသောကျောင်းသား/သူများကို နောင်တစ်ချိန်တွင် ဒေသအတွက်အထောက်အကူပြုသူ၊  တန်ဖိုးရှိသူ ဖြစ်လာစေရန်အတွက် "စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်"  ကို ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ဆရာ/မများအနေဖြင့် ကျောင်းသား/သူများကို စာဖတ်အောင်၊ စာဖတ်နိုင်ရေးအတွက် အချိန်ရရှိအောင်၊ စာဖတ် သည့်နေရာဖြစ်သော စာကြည့်တိုက်သို့ရောက်ရှိအောင် လမ်းညွှန်ပြသပေးရန်၊ ပြောကြားပေးရန် လိုအပ်ကြောင်း၊ ကျောင်း စာကြည့်တိုက်တွင် အရွယ်စုံဖတ်ရှုနိုင်သော စာအုပ်များ ထားရှိနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်  လိုအပ်သည် များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆရာ/မများအနေဖြင့် ကျောင်းသား/သူများကိုကျောင်းသင်ပညာရပ်များ သာမက စာပေဖတ်ရှုခြင်းမှ ရရှိလာသည့် ဗဟုသုတအသိတရားများနှင့်ပါပြည့်စုံသည့် စာပေဖတ်ရှုသည့် အလေ့အကျင့်များ ဖြင့် ပြုစုပျိုးထောင်ကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက စာပေအသိပညာဟောပြောပေးသော အန်ကယ်ပညာအား ဂုဏ်ပြုဆု ချီးမြှင့်ပြီးအထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲ တွင် ဆုရရှိသော ကျောင်းသား /သူ (၅)ဦးအား ဆုချီးမြှင့်ကာ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းဇော်မြင့်က အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူ(၅)ဦးအား ဆုချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက အလယ်တန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/သူ(၅)ဦးအားလည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူ(၅)ဦးအားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာ ဝန်ကြီးဦးသက်နိုင်က မူလတန်းအဆင့်ပုံပြင်‌ပြောပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား/သူ(၅)ဦးအားလည်းကောင်း၊   ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်း တိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြင့်ဝေ၊ တိုင်းဒေသကြီးပညာရေးမှူးဦးဝင်းနောင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနတိုင်းဦးစီးမှူး ဒေါ်ယဉ်ယဉ်နုတို့က ပြိုင်ပွဲဝင် ကျောင်းသား/သူ များအား ဂုဏ်ပြုဆုများ ပေးအပ်ကြသည်။

ထို့နောက် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၁၂၉  ကျောင်းအတွက် စာရေးဆရာ အန်ကယ် ပညာ သုတ/ရသ စာအုပ် ၂၅၈ အုပ် ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးပညာရေးမှူး ဦးဝင်းနောင်က လက်ခံယူပြီး အထက(၁)ကျောင်းစာကြည့်တိုက်အတွက် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့က စာအုပ်စာ‌စောင်များလှူဒါန်းကာ  ကျောင်းအကျိုးဆောင်ဥက္ကဋ္ဌ ဦးဇော်မင်းအုန်းက ငွေကျပ်(၂၀)သိန်းကို ပေးအပ်လှူဒါန်း ကြရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူသည်။

ဆက်လက်၍ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲတွင်ပထမဆုရရှိသော ကျောင်းသားက ပြိုင်ပွဲဝင်ခေါင်းစဉ်ဖြင့်ပြန်လည်၍ သရုပ်ပြပြီးအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက "ရွှေမိုးငွေမိုးမင်္ဂလာပါ "သီချင်း၊ ဆရာ/မများက ရွှေဘိုသနပ်ခါးသီချင်းဖြင့် ကပြသီဆိုဖျော်ဖြေကာ EDU- Park ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများ ပညာဘဏ်တိုက် စာကြည့်တိုက်သီချင်းဖြင့် သီဆို၍အခမ်းအနားကို ပိတ်သိမ်းကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)