မြိတ် ဇန်နဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြို့ပြနေအခြေခံလူတန်းစားများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၆/၂ဝ၂၅-၂၀၂၆)ကို ဇန်နဝါရီ ၂၂ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်က အမှာစကား ပြောကြား၍ မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူသူစံက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လာနိုင်စေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများကို နည်းပညာနှင့် ကျွမ်းကျင်မှုအကူအညီပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက သင်တန်းသင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းစတင်ခဲ့သည်။ အဆိုပါသင်တန်းကို ဇန်နဝါရီ(၂၁)ရက်မှ (၂၅)ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းသား/သူ(၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း၌ ဘာသာရပ်(၁၅)မျိုးကို သင်တန်းနည်းပြ(၂)ဦးမှ စာတွေ့ (၃၀)ရာခိုင်နှုန်းနှင့် လက်တွေ့(၇၀)ရာခိုင်နှုန်းဖြင့် သင်ကြားပေးမည်ဖြစ်ကာ စာမေးပွဲ(ရေးဖြေ)ဖြေဆိုခြင်းနှင့် သင်တန်းဆန်းစစ်ချက်ပြုလုပ်သွားမည်ဖြစ်သည်။
သင်ခန်းစာများအနေဖြင့် လူသုံးကုန် လုပ်ငန်းသုံး ဓါတုပစ္စည်းများအကြောင်း ဆွေးနွေးခြင်း၊ ရေချိုးဆပ်ပြာဆီ၊ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာဆီ၊ Shampoo၊ ဆပ်ပြာခရင်မ်၊ အလှဖယောင်းခဲ၊ မျက်နှာသစ်ဆပ်ပြာခဲ၊ ကြမ်းတိုက်ဆေးရည်၊ Body Scrub ၊ Face Scrub ၊ ဆပ်ပြာခဲ(ကြမ်း)၊ ကန်းဇော်ပရုပ်အေးရည်၊ ကန်းဇော်ပရုပ်ဆီအခဲ၊ CarShampoo၊ အထည်အမွှေးရည်၊ ထုတ်ပိုးမှုနည်းစနစ်များနှင့် Labelingများ အကြောင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)