ကော့သောင်း ဇန်နဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့မဉ္ဇူသကခန်းမတွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၊ ခရိုင်နှင့်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တာဝန်ရှိသူများက အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အ-ထ-က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ပညာလန်းဖို့တို့ပျော်သည်” အဖွင့်သီချင်းဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မြို့နယ်ပညာရေးစုံညီပွဲတော်အား သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်က၂၀၂၅-၂၀၂၆ ပညာသင်နှစ်မြို့နယ် ပညာရေးစုံညီပွဲတော်အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြား၍ မြို့နယ်ပညာရေးမှူး ဆရာကြီးဦကျော်ငွေက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် နိုင်ငံတော်အဆင့်ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်နှင့်မြို့နယ်အဆင့် စာပေ၊ ဉာဏ၊ ကာယ၊ အနုပညာကဏ္ဍအလိုက် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူလေးများအား တက်ရောက်လာကြသော တာဝန်ရှိသူ များက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက အကအလှ ပဒေသာ၊ တေးသရုပ်ဖော်များဖြင့် တင်ဆက်ကပြဖျော်ဖြေ၍ မြို့နယ်ပညာရေးစုံညီပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)