ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ပင်လောင်း ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ပြည်ထောင်စုနေ့နှင့် ဒို့တာဝန်အရေးသုံးပါး၊ ပြည်ထောင်စုနေ့နှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး၊ ပြည်ထောင်စုနေ့နှင့်စည်းလုံးခြင်း အင်အားခေါင်စဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲ ယှဉ်ပြိုင်ကြကြောင်း၊ ထို့နောက် ဆုပေးပွဲ အခမ်းအနားတွင် အခြေခံပညာရေးဦးစီးဌာန အခြေခံပညာမူလတန်းကျောင်း ဆောင်းအိုကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကိုကိုလွင်က ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများမှ ကျပန်းစကားပြော ယှဉ်ပြိုင်မှု အခြေအနေ အားသာချက်၊ အားနည်းချက်များအကြောင်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)