ပုသိမ် ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၁ ရက်နေ့ညပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) ကိုဆောင်ရွက်ပြီးစီးဖြစ်ရာ အားနည်းချက်အားသာချက်များကို ပြင်ဆင်ဆောင်ရွက် ထားရှိ၍ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ လုံခြုံရေးပိုင်း ဆိုင်ရာများကို နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ မဲရုံများတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ အချိန်မီရောက်ရှိရေးနှင့် လိုအပ်သည့်ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ အစွန်အဖျားကျေးရွာများရှိ မဲပေးခွင့်ရှိသူအားလုံး သတ်မှတ်မဲရုံအတွင်းအချိန်မီရောက်ရှိရေးအတွက် လိုအပ်သည့် ပို့ဆောင်ရေးယာဉ်များကို ပြင်ဆင်ထားရှိရန်လိုပါကြောင်း၊ ဆန္ဒမဲပေးသူများ အေးချမ်းလုံခြုံစွာ မဲပေးနိုင်ရေးအတွက်လည်း လိုအပ်သည်များကို ကြိုတင်စီမံဆောင်ရွက်ထားရှိရန် လိုပါကြောင်း၊ သက်ဆိုင်ရာမြို့နယ်များအနေဖြင့်လည်း အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အားအောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်ချက်များ အချိန်မီတင်ပြပေးကြရန်” အမှာစကားကြားသည်။
ထို့နောက်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အစည်းအဝေးသို့တက်ရောက်လာသူများက မဲရုံများ ဖွင့်လှစ်ထားရှိမှုများများနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှုများ၊ မဲရုံများသို့ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များ မဲရုံများသို့ အချိန်မီပေးပို့နိုင်ရေးနှင့် ပြည်သူများဆန္ဒမဲပေးနိုင်ရေး ယာဉ်များစီစဉ်ဆောင်ရွက်ထားရှိမှုများ၊ အရံမဲပေးစက်များ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်