မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်က လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ လပွတ္တာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများမှ ကြိုဆိုခဲ့ကြပြီး မရဲ့အုန်းပင်စု ကျေးရွာနေတောင်သူဦးတင်အောင်သန်း၏ စံပြစက်မှုလယ်ယာဧက (၁၀၀) အတွင်း စိုက်ပျိုးထားရှိသည့် နယူးဧရာ(၁၁)မျိုး နွေစပါးစိုက်ဧက (၃၀)အတွင်း သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ရောစပ်ကြဲပက်နေမှုအားလည်းကောင်း၊ စီးပွားချောင်ကျေးရွာအုပ်စု၊ စီးပွားချောင် ကျေးရွာ၊ ငှက်ဥကွင်းအတွင်းနွေစပါးစိုက်ဧက ကန်သင်းဘောင် နေကြာကျင်း(၁၀၀၀)၊ ဆီ(၁)ပုံး နှုန်းဖြင့် ဆီထွက်သီးနှံနေကြာ ကျင်း(၅၁၆၀၀) စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်း နေသော နေကြာစိုက်ခင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်း အနားကို ကျိုက်ပိကျေးရွာအုပ်စု၊ လှဲဆိပ်ကျေးရွာ၌ ယမန်နေ့ (၅ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့သည်။ ရှေးဦးစွာ အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ကျေးရွာလျှပ်စစ်မီးလင်းရေးသွယ်တန်းမှုအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များပက်ဖြန်းပေးခဲ့သည်။ ဆက်လက်၍ ကရင်ဒုံးယိမ်းအကနှင့် ပန်းပွားအက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူခဲ့ကြသည်။ ထို့နောက် လှဲဆိပ်ကျေးရွာရှိ ခရစ်ယာန်အသင်းတော်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး ဒေသခံပြည်သူများမှ ဒေသတွင်းလိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)