မက်မန်းမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များနှင့် ဆက်စပ်ပစ္စည်းများအား ထုတ်ပေး

မက်မန်း ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၊  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တတိယပိုင်း(အပိုင်း-၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးစက်များ သိုလှောင်ထိန်းသိမ်းထားသည့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မဲပေးရာတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များနှင့် ဆက်စပ်ပစ္စည်းများအား ယမန်နေ့နံနက် ၉ နာရီအချိန်က ထုတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များနှင့် ဆက်စပ်ပစ္စည်းများအား ထုတ်ယူရာတွင် စနစ်တကျဖြစ်စေရေးနှင့် အမှားအယွင်းများမဖြစ်ပေါ်စေရေးအတွက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးကျော်မြင့်လှိုင်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်တို့က အနီးကပ်ကြီးကြပ်၍ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိနှင့် ဝန်ထမ်းများက သက်ဆိုင်ရာမဲရုံများအလိုက် သတ်မှတ်အရေအတွက်အတိုင်း ထုတ်ပေးခဲ့သည်။

ထို့နောက် အဆိုပါမဲပေးစက်များနှင့်အတူ တစ်ပါးတည်းလိုက်ပါသွားမည့် သက်ဆိုင်ရာမဲရုံအလိုက်ကြီးကြပ်ရေးအရာရှိများ၊ မဲရုံအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တာဝန်ရှိသူအသီးသီးတို့က လိုအပ်သည်များကို မှာကြားခဲ့ပြီး သက်ဆိုင်ရာမဲရုံများသို့ ထွက်ခွာသွားကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင် ရပ်ကွက် (၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၁)အုပ်စု၊ ကျေးရွာ (၉၇)ရွာရှိ မဲဆန္ဒရှင်စာရင်းမှာ (၈၅၂၀) ဦးရှိပြီး မဲရုံပေါင်း (၃၃) ရုံတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)  ၁၅၆ လုံးကို အသုံးပြုသွားမည်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် (တနင်္ဂနွေ)နေ့၊  တတိယပိုင်း(အပိုင်း-၃)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)