မိုးညှင်းမြို့ ပညာလင်္ကာရဇောတိရှမ်းကျောင်း၌ ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် (၂၄) ကြိမ်မြောက် စုပေါင်းရှင်ပြုပွဲတော်ကျင်းပသွားမည်

မိုးညှင်း ဇန်နဝါရီ ၂၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ နတ်ကြီးကုန်းရှမ်းပိုင် ပညာလင်္ကာရ ဇောတိရှမ်းကျောင်း၌ ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် (၂၄) ကြိမ်မြောက် စုပေါင်းရှင်ပြုပွဲတော်ကို တပို့တွဲလဆန်း (၁၂) ရက်မှ တပို့တွဲလပြည့်အထိ လေးရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စုပေါင်းရှင်ပြုပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဇောတိရှမ်းဘာသာဝင် ရှမ်းမျိုးနွယ်စုများသည် နှစ်စဉ်နတ်တော်လဆန်း (၁) ရက်နေ့မှစတင်ကာ ရှင်မိရှင်ဖများက ရှင်လောင်းများကို စတင်အပ်နှံလျက်ရှိကြပြီး ယခုနှစ်တွင် စုပေါင်းရှင်ပြုပွဲ၌ ရှင်သာမဏေစုစုပေါင်း အပါး (၇၀) ရှိ၍ တစ်ရက်လျှင် ရှင်သာမဏေအပါး (၂၃) ပါးစီဖြင့် လေးရက်တိုင် အလှည့်ကျ ပဗ္ဗဇ္ဇိတရှင်သာမဏေအဖြစ်သို့ သွတ်သင်ချီးမြှောက် ကျင်းပသွားမည်ဖြစ်ကြောင်း စုပေါင်းရှင်ပြုပွဲတော်ကျင်းပရေးကော်မတီ အဖွဲ့ဝင်ထံမှသိရသည်။

ဇောတိရှမ်းတို့၏ စုပေါင်းရှင်ပြုပွဲတော်ကို ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ရှိ ပညာလင်္ကာရဇောတိ ရှမ်းကျောင်းတစ်ခုတည်းတွင်သာ ပြုလုပ်ပေးလေ့ရှိသဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ ဇောတိရှမ်းဘာသာဝင်များသည် ပွဲတော်ရက်မတိုင်မီ နှစ်ပတ်ခန့် ကြိုတင်ရောက်လေ့ရှိကြပြီး ပွဲတော်ကျင်းပမည့် နန့်ရင်းချောင်းသဲသောင်ပြင်၌ တည်းခိုတန်းလျားများတွင် အခမဲ့တည်းခို နေထိုင်ကြစေလျက်ရှိသည်။

ထိုသို့ တည်းခိုနေထိုင်ကြရင်း မိမိတို့သယ်ယူလာသော ရိုးရာအဝတ်အထည်များ၊ လျှပ်စစ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ရိုးရာစားသောက်ကုန်များကို ခင်းကျင်းရောင်းချကြသဖြင့် ပွဲတော်ရက်မတိုင်မီကပင် စည်ကားလျက်ရှိကြပြီး ပွဲတော်ရက်များတွင် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များမှ တိုးနယားအက၊ ရှမ်းအိုးစည်အက၊ ကိန္နရီ ကိန္နရာအက၊ ရိုးရာရှမ်းသိုင်းအကနှင့် ရှမ်းတိုင်းရင်းသား/သူများမှ အုပ်စုအဖွဲ့လိုက် အကပဒေသာများဖြင့် ကပြဖျော်ဖြေကြလျက်ရှိကြောင်းနှင့် ပွဲတော်သို့လာရောက်ကြသည့် ဧည့်ပရိတ်သတ်များကိုလည်း စတုဒီသာဖြင့် ဧည့်ခံမဏ္ဍာပ်တွင် ဧည့်ခံကျွေးမွေးပေးလျက်ရှိကြောင်း သိရသည်။

ဇောတိရှမ်းတို့သည် စုပေါင်းရှင်ပြုပွဲတော်ကို ရိုးရာအစဉ်အလာနှင့်အညီ သုံးနှစ်လျှင် တစ်ကြိမ်ကျင်းပလေ့ရှိပြီး အဆိုပါရှင်ပြုပွဲ ပြုလုပ်သည့်နှစ်တွင် မြန်မာပြည်အနှံ့အပြားမှ ဇောတိရှမ်းတိုင်းရင်းသားတို့သည် မိုးညှင်းမြို့သို့ စုပေါင်းရောက်ရှိကြကာ ရှင်ပြုပွဲအား ပျော်ရွှင်စွာ ဆင်နွှဲကြလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း