မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အား အောင်မြင်စွာကျင်းပနိုင်ရေးပြည်သူများနှင့် တွေ့ဆုံ၊ မဲရုံများအား ဆက်လက်ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြောက်ဥက္ကလာပ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲများကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ (ဌ) ရပ်ကွက်ရှိ နိဗ္ဗာန်အောင်ဓမ္မာရုံနှင့် ရွှေပေါက်ကံမြို့သစ်ရပ်ကွက်တို့တွင် ပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် အဖွဲ့ဝင်များက ရွေးကောက်ပွဲကျင်းပမည့် မဲရုံများတွင် မဲပေးရာတွင် စနစ်တကျမြန်ဆန်မှန်ကန်မှုရှိစေရေး၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒ‌‌မဲလာရောက်ပေးရာတွင် သွားလာရေးအဆင်ပြေနိုင်‌‌စေရေးအတွက် ဆောင်ရွက်ထားကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေးကူညီဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း စသည့်တို့ကို ရှင်းလင်းဆွေးနွေးပြီး မြောက်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက မဲဆန္ဒရှင်ပြည်သူများ ဆန္ဒ‌‌မဲလာရောက်ပေးရာတွင် အဆင်ပြေနိုင်စေရေးအတွက် မဲပေးသည့်နေ့ရက်များတွင် ပြည်သူများ ဆန္ဒမဲလာရောက်ပေးနိုင်ရေး ဆောင်ရွက်ထားသည့် အစီအမံများစသည့်တို့ကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် အဖွဲ့၀င်များ၊ မြောက်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့် အဖွဲ့ဝင်များနှင့် တာ၀န်ရှိသူများသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါ၀င်သည့် မြောက်ဥက္ကလာပမြို့နယ်ရှိ မဲရုံများတွင် မဲရုံပြင်ဆင်နေမှု၊ မဲရုံခင်းကျင်းပြင်ဆင်မည့် အဆောက်အဦများ၊ ယာယီမဲရုံများအား ကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင်ပြည်သူများ အေးအေးချမ်းချမ်းနှင့် ဆန္ဒမဲပေးနိုင်ရေးတို့အတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ကြရန် စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)