ဘုတ်ပြင်း ဇန်နဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မူလွန်-အောင်မင်္ဂလာကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာခြည်အောင်က လူငယ်ရေးရာနှင့်ပတ်သက်သည်များကို အသိပညာပေးပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ပြီး အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးခေါင်းစဉ် ဖြင့်ဟောပြောခဲ့ရာ “ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင်နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်ကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင်အသိပညာ အတတ်ပညာများကို လေ့လာဆည်းပူး ကြစေလိုပါကြောင်း၊ ရည်မှန်းချက်ထားရှိရမှာဖြစ်ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများ ဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ လာမည့်နွေရာသီ ကျောင်းပိတ်ရက်များတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှု၍ ငှားရမ်းနိုင်ကြောင်း အသီးသီးပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ နှုတ်မှုစွမ်းရည်၊ အပြောစွမ်းရည် တိုးတက်စေရေး စာဖတ်စွမ်းရည် ပြိုင်ပွဲကိုကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများကို မြို့နယ်ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က အမှတ်တရလက်ဆောင်များအသီးသီးပေးအပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူငယ်ရေးရာအသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ မိတ်ဖက်အဖွဲ့အစည်းများက သစ်တောထိန်းသိမ်းရေးနှင့် သဘာဝတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းထားရှိမှု မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)