ဒလမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်‌ပွားစေရေးအတွက် မီးသတိမူရေးအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ဒလ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မကြာမီကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲမကျင်းပမီနှင့် ကျင်းပနေစဉ်ကာလအတွင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်‌ပွားစေရေးအတွက် ယမန်နေ့ညပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ မီးသတိမူရေးအသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဒလမြို့နယ်အတွင်းရှိ စျေးဆိုင်များနှင့် နေအိမ်များတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများနှင့် မီးခလုတ်များကို နေ့စဉ်စစ်ဆေးဆောင်ရွက်ရန်၊ လျှပ်စစ်မီးဖို၊ မီးပူများကို သုံးစွဲပြီးလျှင် (သို့မဟုတ်) လျှပ်စစ်မီးပြတ်တောက်ချိန်တွင် မီးခလုတ်ကိုပိတ်၍ ပလပ်ခေါင်းအား ဖြုတ်ထားရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလျှပ်စစ်မီးကြိုးများ၊ စနစ်တကျသွယ်တန်းထားရှိရေး၊ နေအိမ်တိုင်းတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲအိတ်များထားရှိ‌ရေး၊ မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားစေရေးအတွက် မီးကိုအထူးသတိပြုသုံးစွဲကြရန်၊ လျှပ်စစ်ဝါယာရှော့ဖြစ်လျှင် ပင်မခလုတ်ကိုပိတ်၍ ခြောက်သွေ့သော အဝတ်၊ ပိတ်စစသည်တို့ဖြင့် ရိုက်ပုတ်၍ ဖုံးအုပ်ငြှိမ်းသတ်ပါစသည်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)