မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစားအစာဘေးကင်းလုံခြုံရေးစီမံချက် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်

မန္တလေး ဩဂုတ် ၅

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစားအစာဘေးကင်းလုံခြုံရေးစီမံချက် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ Aflatoxin (အဖာတောက်ဆင်)နဲ့ပတ်သက်ပြီး ငရုတ်သီးနှံကို ဆောင်ရွက်နေသည့်အပြင် ပြည်သူများစားသုံးနေသောစားသုံးဆီတွင် ပါဝင်ပတ်သက်နေသည့် မြေပဲသီးနှံအား ၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင် မိုးမြေပဲ စိုက်ဧက ၂၇၆၂၃ ဧကကိုလျာထားကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

"မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ အစားအစာဘေးကင်းလုံခြုံရေးဆိုတဲ့စီမံချက်မှာ Aflatoxin (အဖာတောက်ဆင်)နဲ့ပတ်သက်ပြီး ငရုတ်၊ ပြီးတော့ စားသုံးဆီတွေမှာ ပါဝင်ပတ်သက်နေတဲ့ မြေပဲရှိပါတယ်၊ စားသုံးဆီအတွက်မြေပဲကိုရွေးချယ်ရခြင်းဖြစ်ပါတယ်၊ မြေပဲနဲ့ပတ်သက်ပြီး ညောင်ဦးမြို့နယ်မှာပဲဆောင်ရွက် တယ်၊ ပြီးခဲ့တဲ့မိုးကတည်းကဆောင်ရွက်နေတာ ဒီနှစ်ကဒုတိယမြောက်ပါ။

သုံးစွဲတဲ့ပိုးသတ်ဆေးကို စနစ်တကျသုံးစွဲနည်း၊ သဘာဝပိုးသတ်ဆေး ပိုးနှင် ဆေးလိုအစားထိုးပြီး လူကိုအန္တရာယ်မဖြစ်စေနိုင်တဲ့ ထိရောက်မှုအန္တရာယ်အနည်းဆုံး ပိုးသတ်ဆေး သုံးစွဲတဲ့နည်းစနစ်တွေကို အစားထိုးဆောင်ရွက်နေပါတယ်၊ ယခင်စိုက်ပျိုးထွက်လာတဲ့ မြေပဲတွေမှာ FDA ရဲ့ စစ်တမ်းတွေအရ မဆောင်ရွက်မီနဲ့ဆောင်ရွက်ပြီးအချိန်တွေမှာ သုံးရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းလောက်အထိ Aflatoxin လျှော့ချသွားနိုင်တယ်ဆိုတာ သိရပါတယ်။"ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးမင်းက ပြောသည်။

၂၀၁၉-၂၀၂၀ မိုးမြေပဲစိုက်ဧက ၂၇၆၂၃ ဧကကို လျာထားပြီး ဇူလိုင်၊ သြဂုတ် မိုးတွင် အပြီးစိုက်ကာ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် အပြီးရိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ ယခင်က စိုက်ပျိုးနေသည့်မျိုးများမှ အထွက်ကောင်းပြီး အရည်အသွေးပိုမိုကောင်းမွန်သည့် မြေပဲမျိုးများဖြစ်သည့် မကွေး ၁၁၊ မကွေး ၁၆၊ မျိုးသန့် ပွားများစိုက်ပျိုးထုတ်လုပ်ပြီး မျိုးကောင်းမျိုးသန့် ဖလှယ်သည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"မြေပဲစိုက်ပျိုးထုတ်လုပ်တဲ့အခါ အစားအစာဘေးကင်းလုံခြုံဖို့အတွက် ပိုးသတ်ဆေးလျှော့ချသုံးစွဲဖို့ လုပ်ငန်းစဉ်တစ်ခုပါတယ်၊ ပိုးသတ်ဆေးဟာ ဓာတ်ကြွင်းအာနိသင်ရှိစေတတ်တဲ့ သဘောသဘာဝရှိတဲ့အတွက် ပိုးသတ်ဆေးသုံးစွဲမှုနည်းစနစ်မမှန်ကန်ဘူးဆိုရင် ဓာတ်ကြွင်းအာနိသင်တွေများလာတဲ့အခါ မှိုတော့မရှိပေ မယ့် ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်ကလည် းရှိနေတတ်တယ်၊ ဒါကြောင့်ပိုးသတ်ဆေးဓာတ်ကြွင်း အာနိသင်လည်း ကင်းရမယ်၊ မှိုလည်းလျှော့ချနိုင်ရမယ်။

အရင်ကလည်း ဆောင်ရွက်နေတာရှိပါတယ်၊ ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်တာ၊ အခုနောက်ပိုင်းမှာ စိုက်ပျိုးရေးဦးစီးဌာနကနေ GAP ပေါ်မှာအခြေခံပြီး လုပ်ငန်းတွေဆောင်ရွက်သလို တစ်ဖက်ကလည်း တိုင်းဒေသကြီးအစိုးရ Food Safety Project အစားအစာဘေးကင်းလုံခြုံဖို့အတွက် လုပ်ငန်းစီမံချက်တွေချပြီးတဲ့အခါ လုပ်ငန်းဆောင်ရွက်မှုမှာ ပိုမိုလျင်မြန်သွက်လက်ပြီး သိသာမြင်သာတဲ့အထိ ရောက်လာတာဖြစ်ပါတယ်။ ” ဟု ဆက်လက်ပြောသည်။

ငရုတ်နှင့် မြေပဲသီးနှံနှစ်မျိုးအား Aflatoxin လျှော့ချရေးအတွက် မြစ်သားမြို့နယ် ပျော်ဘွယ်၊ ရမည်းသင်းတွင် ငရုတ်သီးနှံကို ဆောင်ရွက်နေသည့်အပြင် ညောင်ဦးမြို့နယ်တွင် မြေပဲသီးနှံကို စီမံချက်ချဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများကို GAPနှင့်ပတ်Houseများအသုံးပြုခြင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ၊ ပိုးသတ်ဆေးသုံးစွဲရာတွင် စနစ်တကျသုံးစွဲနည်းများအား အသိပညာပေးခြင်းများ၊ Dry မိုးကာခံ၍ စနစ်တကျ လှမ်းခြင်းသိုလှောင်ခြင်း စသည့်နည်းစနစ်များပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိပ်ထားနိုင်