ကျုံပျော်မြို့နယ် အ.ထ.က သောင်ကြီးတွင် လူငယ်များ ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ကျုံပျော် ဇန်နဝါရီ ၂၂

လူငယ်များဗလငါးတန်ပြည့်စုံစေရန်၊ လူအများနှင့်ဆွေးနွေး‌ပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျုံ‌ပျော်မြို့နယ်၊ သောင်ကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

ဦးစွာ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီမာက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုစကားဝိုင်းဆွေးနွေးပွဲမှ ဗဟုသုတများကို လေ့လာမှတ်သားကြရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူကြရန်၊ လာမည့်ဆွေးနွေးပွဲများတွင် မိမိတို့ပါ ပါဝင်ဆွေးနွေးနိုင်အောင် ကြိုးစားကြရန်နှင့် ပညာ၊ ဗဟုသုတ ပြည့်စုံကြသူများဖြစ်အောင်ကြိုးစားကြရန်တို့ကို အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍၎င်း၊ ဖွံ့ဖြိုးတိုးတက်သူများ၏ စံနမူနာယူသင့်သည့် အလေ့အကျင့်များကို၎င်း၊ ဗလငါးတန်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် ကြိုးစားဆောင်ရွက်သင့်သည်များကို၎င်း ဆွေးနွေးပြောကြားသည်။

ထို့နောက် Grade (10) မှ မောင်မင်းသုတ၊ မောင်လွင်ကိုကို၊ နန့်စမိုင်းလ်နှင့် မဆုမြတ်သဉ္ဇာမျိုးတို့က လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်မူးယစ်ဆေးစသည့် အကြောင်းအရာများအား ဝိုင်းဝန်းဆွေးနွေးကြသည်။ ဆက်လက်၍ စကားဝိုင်းတက်ရောက်လာကြသောကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များအား မေးမြန်းရာ ဦးဆောင်ဆွေး‌နွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ထို့နောက် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ သောင်ကြီးကျေးရွာ အ.ထ.ကမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ထိုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန် ပြည့်စုံစေရန်၊ စကားပြောစွမ်းရည်ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးခင်မင်ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)