ဟင်္သာတ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့ နေ့လည် ၁ နာရီချိန်က ကနောင်စုရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ကြယ်တံခွန်ကိုယ်ပိုင် အထက်တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကြယ်တံခွန်ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဩမင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီးနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးစီးအရာရှိ ဒေါ်အေးအေးမာက အစီအစဉ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ ကျောင်းသား၊ ကျောင်းသူများက "လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်နည်းပညာ" ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားအပြီးတွင် ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး နံရံကပ်စာစောင်များကို ကြယ်တံခွန်ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဩမင်းနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၅၀၀)ဦးက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)