တာမွေမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

တာမွေ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ပြည်သူတစ်ရပ်လုံးမဲပေးခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာပြီး ရွေး‌ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် လူအသွားအလာများသည့် နေရာများ၌ “ဒို့အတူတူ မဲပေးကြမယ်” ဆောင်ပုဒ်ပါ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား ရပ်ကွက်နေပြည်သူများ၊ လမ်းသွားလမ်းလာများနှင့် ခရီးသွားပြည်သူများ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် တာမွေမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးအပြည့်အဝရရှိစေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မဲစာရင်းတွင် မခြွင်းမချန်ပါဝင်စေရေး၊ မဲစာရင်းတွင် ပါဝင်သင့်၊ ပါဝင်ထိုက်သူများ ပါရှိရေး၊ မပါဝင်သင့်သူများ မပါရှိစေရေးနှင့် မဲစာရင်းများ မှန်ကန်စေရေးအတွက်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အိမ်တိုင်ရာရောက် (door to door) မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ထက်တံခွန် (ပြန်/ဆက်)