တာမွေမြို့နယ်ရှိ စံပြမဲရုံခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တာမွေ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မကြာမီကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လွတ်လပ်လပ်အဆင်ပြေချောမွေ့စွာ ဆန္ဒမဲလာရောက်ပေးနိုင်စေရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းအချိန်က တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် မြို့နယ်အတွင်း စံပြမဲရုံခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုအား လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်သည် တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်း‌ကျောင်း မြတ်ပန်းသဇင်ခန်းမ၌ မြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စသည်တို့နှင့် တွေ့ဆုံကာ ‌ရွေးကောက်ပွဲမကျင်းပမီရက်နှင့် ကျင်းပမည့်ရက်တွင် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) တို့၏ အားနည်းချက်များနှင့် အားသာချက်များ၊ ကြိုတင်မဲ‌ပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ ရေးသွင်းရမည့် ပုံစံဇယားများအား တိကျစွာရေးသွင်းကြရန် စသည်ဖြင့် မှာကြားခဲ့ပြီး တက်ရောက်လာကြသူများက မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ကဏ္ဍအလိုက်တွေ့ကြုံရသည့် အခက်အခဲပြဿနာများအား ရှင်းလင်းတင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်း‌ကျောင်း၌ စံပြမဲရုံအဖြစ် ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ရပ်ကွက် (၂၀) တွင် စံပြမဲရုံ (၅) ရုံအပါအဝင် မဲရုံ ပေါင်း (၅၄) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦး‌ရေ (၈၉၄၈၄) ဦးထိရှိကြောင်း၊ တာမွေမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် အပိုင်း (၃) အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)