မိုင်းနောင်မြို့၌ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပ

မိုင်းနောင် ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ မိုင်းနောင်မြို့၌ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ ပန်လွယ်တောင်းကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုင်းနောင်တပ်နယ်မှူးမှ နှစ်သစ်မင်္ဂလာ ကြိုဆိုဂုဏ်ပြုအမှာစကားပြောကြားပြီး လားဟူတိုင်းရင်းသားများကိုယ်စား ကျေးရွာ ရပ်မိ၊ ရပ်ဖ ဦးဂျာဟားရှဲက နှစ်သစ်ကူးပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လားဟူတိုင်းရင်းသား မောင်မယ်များက သက်ကြီးဝါကြီးပုဂ္ဂိုလ်များကို ရိုးရာလက်ဆေး မင်္ဂလာခံယူ ကာလားဟူတိုင်းရင်းသား ရိုးရာမြေဝိုင်း အက၊ ခေတ်ပေါ်အဆိုအက၊ ဘူးပလွေမြေဝိုင်း အကများ ကပြဖျော်ဖြေခြင်းဖြင့် နှစ်သစ်ကို ကြိုဆိုခဲ့သည်။

လားဟူတိုင်းရင်းသားများ၏ တစ်နှစ်တာ ရာသီကာလအတွင်း ကျင်းပကြသည့် ပွဲတော်များထဲမှ ရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော်သည် အထွတ်မြတ်ဆုံးနှင့် အကြီးအကျယ်ဆုံး ပွဲတော်အဖြစ် သတ်မှတ်ထားရှိကြောင်း၊ လားဟူတိုင်းရင်းသားများသည် ၎င်းတို့ ဝတ်ဆင်သော ရိုးရာအဝတ်အစား၏ အရောင်ကိုအမှီပြု၍ လားဟူအနက်၊ လားဟူအနီ၊ လားဟူအဝါ၊ လားဟူအဖြူနှင့် လားဟူကျိုင်းရှီးဟူ၍ မျိုးနွယ်စု ငါးစုမှ ပေါက်ဖွားကာ ယနေ့အထိ လားဟူမျိုးနွယ်စု ၂၀ ကျော်အထိ ရှိခဲ့ကြောင်း၊ ၎င်းတို့၏ အထိမ်းအမှတ်မှာ ဘူးပလွေဖြစ်ပြီး လားဟူတို့၏ ထင်ရှားသောအကမှာ ကာခေ့ပွဲဟုခေါ်သော မြေဝိုင်းအကဖြစ်ကာ ထင်းရှူးပင်ကိုဝိုင်းပတ်၍ အတီးအမှုတ်ဖြင့် ကရသော အကတစ်မျိုးဖြစ်ကြောင်း၊ ထူးခြားသော ရိုးရာယဉ်ကျေးမှုတစ်ခု အနေဖြင့် သက်ကြီးဝါကြီးပုဂ္ဂိုလ်များကို လူငယ်များက ရိုးရာလက်ဆေး မင်္ဂလာခံယူခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ လားဟူတိုင်းရင်းသား ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဘာသာသာသနာ၊ စာပေ၊ ဝတ်စား ဆင်ယင်မှုနှင့် ရိုးရာဓလေ့များအား လေးစားဂုဏ်ယူနိုင်စေရန်၊ တိမ်မြှုပ်နေသော ရိုးရာယဉ်ကျေးမှုများအား ပြန်လည်ဖော်ထုတ်နိုင်ရန်နှင့် အနယ်နယ်အရပ်ရပ်တွင် ပျံ့နှံ့နေသော လားဟူတိုင်းရင်းသားများ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့နိုင်ရန် နှစ်သစ်ကူးပွဲတော် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)