တာမွေမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်‌ပွားစေရေးအတွက် မီးသတိမူရေးအသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

တာမွေ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မကြာမီကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲမကျင်းပမီနှင့် ကျင်းပနေစဉ်ကာလအတွင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်‌ပွားစေရေးအတွက် ယမန်နေ့ညပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ မီးသတိမူရေးအသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် တာမွေမြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်းဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက “တာမွေမြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံ/ လုပ်ငန်းများ/ စျေးဆိုင်များနှင့် နေအိမ်များတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများနှင့် မီးခလုတ်များကို နေ့စဉ်စစ်ဆေးဆောင်ရွက်ရန်၊ လျှပ်စစ်မီးဖို၊ မီးပူများကို သုံးစွဲပြီးလျှင် (သို့မဟုတ်) လျှပ်စစ်မီးပြတ်တောက်ချိန်တွင် မီးခလုတ်ကိုပိတ်၍ ပလပ်ခေါင်းအား ဖြုတ်ထားရန်၊ ဟောင်းနွမ်းဆွေးမြေ့သော လျှပ်စစ်ဝါယာကြိုးများအား စနစ်တကျစစ်ဆေးလဲလှယ်ထားရှိရန်၊ လျှပ်စစ်ဒဏ်ခံကြိုး၊ Fuse များကို ခံနိုင်သည်ထက် ပို၍မထည့်ပါနှင့်၊ လျှပ်စစ်ဝါယာကြိုးများကို ခံနိုင်ဝန်အားထက်ပို၍မသုံးပါနှင့်၊ လျှပ်စစ်ဝါယာရှော့ဖြစ်လျှင် ပင်မခလုတ်ကို ပိတ်၍ ခြောက်သွေ့သော အဝတ်၊ ပိတ်စ စသည်တို့ဖြင့် ရိုက်ပုတ်၍ ဖုံးအုပ်ငြှိမ်းသတ်ပါ၊ ဂတ် (စ်) အိုးများ အသုံးပြုသည့်အခါ ယိုစိမ့်မှုမရှိအောင် ဂတ် (စ်) ပိုက်လိုင်းနှင့် ပိုက်ဆက်ပါ အဖွင့်/ အပိတ်ခေါင်းများအား သေချာစွာစစ်ဆေးပါ၊ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်တယ်လီဖုန်းနံပါတ် (၁၉၁)၊ တာမွေမြို့နယ်မီးသတ်စခန်း တယ်လီဖုန်းနံပါတ် ၀၁-၅၅၄၈၉၃၊ ၀၁-၅၅၄၈၄၁၊ ၀၁-၅၅၄၇၇၈ သို့ ချက်ချင်းဆက်သွယ်သတင်းပို့ကြရန် ” စသည်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့်ရည်မှန်းချက်တာဝန်များကို နိုင်ငံတော်နှင့် ပြည်သူများအတွက် အားကြိုးမာန်တက် စဉ်ဆက်မပြတ်အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)