မအူပင်မြို့၌ စားအုံးဆီဖြန့်ဖြူးရောင်းချနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး

မအူပင် ဇန်နဝါရီ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ စားအုံးဆီဖြန့်ဖြူးရောင်းချရာတွင် ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချမှု ရှိ၊ မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ၊ မရှိ၊ ဆီစာအုပ်များအား စနစ်တစ်ကျထုတ်ပေးရေးနှင့် ရရှိသောဆီပိဿာချိန်များအား ပြည်သူများထံ အမှန်တကယ် ရောင်းချမှု ရှိ၊ မရှိအား ဇန်နဝါရီလ ၂၁ ရက်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းစစ်ဆေးသည်။

မအူပင်ခရိုင်၊ မအူပင်မြို့နယ်အနေဖြင့် နေ့စဉ် စားအုံးဆီပေပါ (၄)ပေပါ၊ တစ်လအနေဖြင့် (၁၀၇၈) ပေပါ၊ လစဉ်စားအုံးဆီပိဿာချိန်ပေါင်း (၁၁၈၅၈၀) ပိဿာခွဲတမ်းရရှိပြီး ဖြန့်ဖြူးရောင်းချရာ၌ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စားအုံးဆီဝယ်ယူရရှိနိုင်ရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိစေရေးအတွက် ခရိုင်၊ မြို့နယ်စားအုံးဆီ ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ မအူပင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၆)အုပ်စုရှိ အိမ်ထောင်စု တစ်စုလျှင်ဆီစာအုပ်တစ်အုပ်ဖြင့် လက်ကားကိုယ်စားလှယ် (၂)ဦး၊ လက်လီအရောင်းဆိုင် (၂၈)ဆိုင်မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပင်စင်စားများ၊  သာရေးနာရေးကိစ္စရပ်များအတွက်လည်း ရည်ညွှန်းဈေးဖြင့်ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစစ်‌ဆေးမှုအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဝင်းနှင့်ဝန်ထမ်းများ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှဝန်ထမ်းများမှ မအူပင်‌မြို့ပေါ်ရှိ လက်လီလက်ကားရောင်းချသည့် ဆီဆိုင်များအား မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်