တာမွေမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပ

တာမွေ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်မည့်သူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အဖွင့် အမှာစကားပြောကြားရာ၌ “၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား စနစ်တကျ တာဝန်ခွဲဝေပေးအပ်နိုင်ရေး၊ မဲရုံအလိုက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် စက်ကိုင်များအား တာဝန်ခွဲဝေထားရှိမှုများကို စနစ်တကျဖြစ်စေရေးစိစစ်ကြပ်မတ်စီစဉ်ဆောင်ရွက်သွားရန်” စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ မိမိတို့ တာဝန်ယူဆောင်ရွက်ရသည့် သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အစည်းအဝေးသို့ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်နှင့် အဖွဲ့ဝင်များ၊ တာမွေမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ တာမွေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့၌ သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲ‌ပေးစက်ကိုင်ဝန်ထမ်းများ၊ အဆိုင်းတိုးတာဝန်ထမ်းဆောင်မည့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ထက်တံခွန် (ပြန်/ဆက်)