ပန်းဘဲတန်းမြို့နယ်၌ အခွန်အသိပညာပေးဆွေးနွေး

ပန်းဘဲတန်း ဇန်နဝါရီ ၂၂

ပန်းဘဲတန်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် မြို့နယ်အတွင်းရှိ ကျောက်မျက်ရတနာ/ ရွှေလုပ်ငန်းလုပ်ကိုင်သူများနှင့် ဟိုတယ်/တည်းခိုခန်းလုပ်ငန်းလုပ်ကိုင်သူများအား အခွန်အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်သည်။ ထိုသို့ရှင်းလင်းဆွေးနွေးရာတွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူးက အခွန်ကဏ္ဍတစ်ရပ်ချင်းအလိုက် အခွန်ထမ်းမှတ်ပုံတင်ခြင်း၊ အခွန်ကြေညာလွှာတင်သွင်းခြင်း၊ ကြိုတင်ခွန်များ ပေးဆောင်ခြင်းနှင့် အခွန်စည်းကြပ်ခြင်းဆိုင်ရာသိကောင်းစရာများ၊ ကုန်သွယ်လုပ်ငန်းခွန်ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချခြင်းနှင့် ဒဏ်တပ်ရိုက်မှုဆိုင်ရာ သိကောင်းစရာများ၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့အပြင် အစိုးရဌာနများက ညွှန်ကြားဆောင်ရွက်စေလျက်ရှိသော ငွေရပြေစာပုံစံကဲ့သို့သော ကိစ္စများ၊ AML/CFT ဘာသာရပ်ဆိုင်ရာ STRs နှင့် TTRs ပေးပို့ခြင်းကိစ္စများစသည့် ဆက်စပ်ဌာနများ၏ သိကောင်းစရာများကို ဖြည့်စွက်ဆွေးနွေးဟောပြောခဲ့ရာ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များနှင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူများ စုစုပေါင်း ၆ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)