မြောင်းမြမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်

မြောင်းမြ ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်များ အရှည်တည်တံ့ ခိုင်မြဲစေရန်ရည်ရွယ်၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၁နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အ.လ.က ဘုရားချောင်း (ရပ်) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပခဲ့ရာ တာဝန်ရှိသူများက ပြိုင်ပွဲသီးသီးတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲများအပြီးတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)