ကွမ်းခြံကုန်း ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ လူငယ်များဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် အသိပညာဗဟုသုတတိုးပွားစေရန်နှင့်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်နန့်ဆွေနွယ်ဦးက ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲ၀င်ကလေးများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး စာရေးဆရာကြီးမင်းသုဝဏ်၏ ဆွမ်းအုပ်နီနီကဗျာ ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အိုးကလေးနှစ်လုံးပုံပြောပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ (၁၀) ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်သူများကို ရွေးချယ်၍ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လစဉ်လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ ပြပွဲများ၊ ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)