လသာမြို့နယ် အထက်တန်းကျောင်းများတွင် ကျောင်းသား/သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

လသာ ဇန်နဝါရီ ၂‌၂

ကျောက်တံတားခရိုင်၊ လသာမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွင်း ကျောင်းသား/သူများ၏ ကျန်းမာရေးမြှင့်တင်ရေးလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းသား/သူများအား သန်ချဆေး ဒုတိယအကြိမ် တိုက်ကျွေးခြင်း၊ သံဓာတ်အားဆေးများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်‌ခဲ့ပြီး ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အစားအသောက်များကို ကျန်းမာရေးနှင့်ညီညွတ်မှု ရှိ/မရှိကို Checklist ဖြင့် စနစ်တကျစစ်ဆေးခဲ့ကြသည်။

ထို့အပြင် ကျောင်းသား/သူများအတွက် ကိုယ်ပိုင်ကျန်းမာရေးထိန်းသိမ်းရေး၊ သန့်ရှင်းမှုနှင့် အာဟာရပြည့်ဝမှုတို့အပေါ် သိမြင်နားလည်မှုရှိစေရန် ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ကျောင်းသား/သူများ၏ ကျန်းမာရေးကောင်းမွန်စေရန်နှင့် ကျောင်းပတ်ဝန်းကျင်အတွင်း ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ရောင်းချမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)