သီပေါမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ မွမ်းမံသင်တန်းဖွင့်လှစ်

သီပေါ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မြို့တော်ခန်းမ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့တော်ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှေ့တန်းအမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ နည်းဗျူဟာ(၃)မှ ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်ထွန်းက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်က မဲရုံအဖွဲ့ဝင်များအား မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိရမည့် အခြေအနေများကိုလည်းကောင်း၊ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအာကာမင်းက ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁)နှင့် အပိုင်း(၂)တို့၏ အားနည်းချက်၊ အားသာချက်များကိုလည်းကောင်း၊ သီပေါမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်သီသီထွေးက မဲပေးစက်ရောက်ရှိမှုနှင့် ဖြန့်ခွဲဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ မဲရုံမှူး၊ ဒုတိယမဲရုံမှူး မွမ်းမံသင်တန်းဒုတိယပိုင်းတွင် သီပေါမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူး ဦးအောင်သန်းဇော်က မဲရုံတွင် ဖြည့်သွင်းရမည့် ပုံစံများ၊ မဲပေးစက်နှင့် ပတ်သက်၍ သင်တန်းကို ဆက်လက်ပို့ချခဲ့ကြောင်းနှင့် အဆိုပါ မွမ်းမံသင်တန်းသို့ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ စက်ကိုင်(၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)