ရန်ကင်းမြို့နယ်၌ မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် မီးသတိမူရေးလိုက်လံအသိပေးဆော်သြခြင်းများ ဆောင်ရွက်

ရန်ကင်း ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညပိုင်းက မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်​ထောက်မီးသတ်ဦးစီးမှူး ဦးဝေဖြိုးနိုင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများအနေဖြင့် လျှပ်စစ်မီး၊ မီးဖိုမီး၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေများအား ညအိပ်ချိန်တွင် သတိထား၍ စနစ်တကျငြိမ်းသတ်ရန်၊ လျှပ်စစ်မီးပြတ်တောက်နေသည့်အချိန်တွင် မီးခလုတ်များအား သေချာစွာပိတ်ထားရန်၊ နေအိမ်များအလိုက် မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများထားရှိဆောင်ရွက်ထားရန်၊ နေအိမ်ခြံဝင်းအတွင်းအမှိုက်များ အားစနစ်တကျရှင်းလင်းထားရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အမြန်ဆက်သွယ်အကြောင်းကြားရမည့် သက်ဆိုင်ရာမီးသတ်ဦးစီးဌာန ဖုန်းနံပါတ်များအား လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

လှလှထွေး