ဗိုလ်တထောင် ဇန်နဝါရီ ၂၂
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ဇန်နဝါရီ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ် (၆) အခြေခံပညာမူလတန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ သုခေတ်မေက စာဖတ်ခြင်းအကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ခင်ဝင်းကြည်၊ စာရေးဆရာမ ဒေါ်မေမြတ်စန္ဒာနှင့် သုခေတ်မေတို့က ဆုများအသီးသီးပေးခဲ့ကြပြီး စာရေးဆရာမနှစ်ဦးအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက မေတ္တာလက်ဆောင်များပေးခဲ့၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်လေးဆွေက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
၎င်းနောက် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားအနေဖြင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဇကောရွက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ခွက်ထပ်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ခင်ဝင်း (ပြန်/ဆက်)