မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် မော်လမြိုင်ကျွန်းမြို့နယ်တွင် ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက် (၁၃)လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဆောင်ရွက်ပေးခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှဝန်ထမ်းများနှင့် တိုင်းရင်းဆေးဦးစီးဌာနဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်စီဂျင်များစစ်ပေးခြင်း၊ အထွေထွေရောဂါလူနာများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်နှင့် တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့်ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ရောင်းချပေးခဲ့သည်။
အဆိုပါ ဆောင်ရွက်ပေးသည့်နေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင်အုပ်ချုပ်ရေးကော်မတီ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်တို့ကကြည့်ရှုအားပေးခဲ့ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် ပံ့ပိုးပစ္စည်းများ လှူဒါန်းပေးခဲ့ကြကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)