လားရှိုး ဇန်နဝါရီ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်ရုံး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ (၂၁) ရက်နေ့ ညနေပိုင်းက အမှတ်(၂၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။
ရှေ့ဦးစွာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က “ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးသီရိသွယ်က ငလျင်ဖြစ်ပွားစေတတ်သည့် အကြောင်းအရင်းများ၊ ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာဆောင်ရွက်ရန်နှင့် ရှောင်ရှားသင့်သည့် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်နှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်နေစဉ် အဆောက်အအုံအတွင်းရှိပါက လိုက်နာဆောင်ရွက်ရန်နည်းလမ်းများ၊ အဆောက်အအုံအပြင်တွင်ရှိပါက လိုက်နာဆောင်ရွက်ရန်နည်းလမ်းများနှင့် ငလျင်ပမာဏ ရစ်ခ်တာစကေးအလိုက် သက်ရောက်မှု ရှိနိုင်ခြေများ စသည့်အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လေနိုင်ရေး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)