မြိတ် ဇန်နဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူများ ပြည်ထောင်စုစိတ်ဓာတ် တိုးတက်မြင့်မားစေရန်၊ အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်အတွက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း ဇေယျာမင်္ဂလာခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲ၌ မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ကျောင်းသား/သူ လူငယ်များအနေဖြင့် နိုင်ငံချစ်စိတ်မျိုးချစ်စိတ်များ အစဉ်ထာဝရမွေးမြူပြီး ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်များကို တန်ဖိုးထားကြကာတန်ဖိုးရှိသော အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်သော အနာဂတ်လူတော် လူကောင်းများဖြစ်အောင် ကြိုးစားကြရန် အသိပညာပေးဟောပြောသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုစန်းက ကျောင်းသားလူငယ်များအနေဖြင့် စာပေဖတ်ခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများ၊ ကျောင်းသား/သူ လူငယ်များအား အသိပညာဗဟုသုတများ တိုးတက်မြင့်မားပြီး အရည်အချင်းသာမက အရည်သွေးပြည့်ဝသော လူတော်လူကောင်းများ ဖြစ်လာစေရန် အသိပညာပေး ဟောပြောသည်။
ဟောပြောပွဲအပြီးတွင် မြိတ်ခရိုင်ရုံးဝန်ထမ်းများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဝေငှပေးပြီး သုတ/ရသ စာအုပ်စာစောင်များ ၊ နံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)