‎သရက်ချောင်းမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများအား‎ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်အသုံးပြုနည်း၊ စက်ကိုင်နည်း မွမ်းမံသင်တန်း ဖွင့်လှစ်

သရက်ချောင်း ဇန်နဝါရီ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင်၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင်  တာဝန်ကျသည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) စက်အသုံးပြုနည်း၊ စက်ကိုင်နည်း မွမ်းမံသင်တန်း ကို ယနေ့နံနက် ၉ နာရီခွဲက (အ.ထ.က)သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပကြောင်း သိရသည်။

သင်တန်းတွင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးသက်ထူးတင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးစိုးကိုကိုလွင်နှင့်တာဝန်ရှိသူတို့က မဲရုံမှူး၊ ဒုမဲရုံမှူးများအသီးသီးကို (MEVM)စက်ကိုင်နည်း၊ အသုံးပြုနည်းကို လက်တွေ့သရုပ်ပြ၊ စမ်းသပ်ဆောင်ရွက်ပေးခဲ့ရာ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တာဝန်ရှိသူများတို့က လက်တွေ့လေ့ကျင့်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ၊ဆရာမများက မဲပေးပုံအဆင့်ဆင့်အားအစမ်း လေ့ကျင့်ကြောင်းသိရသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်​မြင့်သိန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်လွင်တို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြီးလိုအပ်သည်များကို မှာကြားခဲ့သည်။

အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) စက်အသုံးပြုနည်းမွမ်းမံသင်တန်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးသက်ထူးတင်မြို့နယ် စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးစိုးကိုကိုလွင်နှင့် ဆရာ၊ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင် (ပြန်/ဆက်)