ပွင့်ဖြူမြို့နယ် ကျွန်းကလေး - ဘီးဇပ်ခုံကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

ပွင့်ဖြူ ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ကျွန်းကလေး - ဘီးဇပ်ခုံကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှကြူနွဲ့က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျှော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ လိုက်နာရမည့် တာဝန်များ၊ ရပိုင်ခွင့်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ စီမံကိန်းကာလသတ်မှတ်ချက်များနှင့် အတိုးနှုန်းများကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျွန်းကလေး - ဘီးဇပ်ခုံကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၇ ဦးကို ငွေကျပ် ၁၈ ဒသမ ၃ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၆၂ ဦးကို ငွေကျပ် ၁၇ ဒသမ ၁ သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၅ ဦးကို ငွေကျပ် ၁ ဒသမ ၆ သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ  ၁၁၄ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ၃၇ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )