သရက်ချောင်းမြို့နယ်တွင် သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

သရက်ချောင်း ဇန်နဝါရီ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၂၅ )ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများ၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲ လာရောက်မပေးနိုင်သူများထံ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ အိမ်တိုင်ရာရောက်ကောက်ခံခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများကောက်ခံရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံစောင့်ကြည့်ရေးအဖွဲ့ဝင်များပါဝင်သော အဖွဲ့များ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက မဲရုံသို့ လာရောက်ဆန္ဒမဲပေးရန် အခက်အခဲရှိသည့် သက်ကြီးဘိုးဘွားမဲဆန္ဒရှင်များနှင့် နာမကျန်းဖြစ်သူများ စသည့် မဲဆန္ဒရှင်ပြည်သူများအား ကျန်းမာရေးနှင့်အညီ လုံခြုံဘေးကင်းစွာ ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေးများရရှိရန် ကြိုတင်ဆန္ဒမဲကောက်ခံခြင်းကို အိမ်တိုင်ရာရောက် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)