တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇန်နဝါရီ  ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း အပတ်စဉ်(၃၃) သူနာပြုသင်တန်းသား၊ သင်တန်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ် သူနာပြုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် နိုင်ငံ၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသော ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားကျန်းမာရေးမူဝါဒနှင့်အညီ အမျိုးသားကျန်းမာရေးစီမံကိန်း၊ ကျေးလက် ကျန်းမာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြန်မာ့ကျန်းမာရေးဆိုင်ရာ မျှော်မှန်းချက် နှစ်(၃၀)နှစ်ရှည်စီမံကိန်းတို့ကို စနစ်တကျရေးဆွဲပြီး နယ်စပ်ဒေသကျေးလက် အစွန်အဖျားအပါအဝင် တစ်နိုင်ငံလုံးကို ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်လွှမ်းခြုံမှုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်ဆရာဝန်များ၊သူနာပြု-သားဖွားဆရာမများနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များကို နှစ်စဉ်တိုးမြှင့်လေ့ကျင့် မွေးထုတ်ပေးလျက်ရှိကြောင်း၊ မောင်မယ်သစ်လွင်သင်တန်းသား၊ သင်တန်းသူများအနေဖြင့် လိုက်နာရမည့်သူနာပြုကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြရန်နှင့် အခြေခံသူနာပြုစုမှု အတတ်ပညာများဖြင့်ပြည်သူများကို ကျွမ်းကျင်စွာပြုစုပေးနိုင်သော မှန်ကန်သော Mindset ရှိသည့် သူနာပြု ကောင်းများဖြစ်ကြရန် လိုအပ်ကြောင်း၊  တနင်္သာရီ တိုင်းဒေသကြီး၏ ဂုဏ်ဆောင်၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၏ ကောင်းသတင်းနှင့် အစဉ်အလာကောင်းများကိုမိမိ တို့ကိုယ်တိုင် ထိန်းသိမ်းပြီးနောင်လာမည့် မျိုးဆက်သစ်သူနာပြုများထံလက်ဆင့်ကမ်းနိုင်အောင်ကြိုးစားကြရန် လိုအပ်ကြောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ကို အခြေခံပြီး စည်းလုံးညီညွတ်စွာဖြင့် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်အတွေးအခေါ် မှန်ကန်မျှတအောင် စိတ်ဓာတ်စွမ်းရည်မြှင့်တင်ပြီး မိမိကိုယ်ကို မိမိနိုင်ငံတော်၏သားကောင်း၊ သမီးကောင်းများ ဖြစ်အောင်ကြိုးပမ်းကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ထားဝယ်သူနာပြုသင်တန်းကျောင်း(စီမံဥက္ကဌ) ဒေါက်တာ ဂျီဆိုင်းတောင်က အမှာစကားပြောကြားပြီး ထားဝယ်သူနာပြုသင်တန်းကျောင်းအုပ်ကြီး ဒေါ်သင်းသင်းလှိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာအပတ်စဉ်(၃၃)၊ ပထမနှစ် သူနာပြု သင်တန်းသား၊ သင်တန်းသူမောင်မယ်သစ်လွင်(၈၀)ဦးက တစ်ဦးချင်း မိတ်ဆက်သည်။

ဆက်လက်၍ အပတ်စဉ်(၃၃)မောင်မယ်သစ်လွင်များအားလုံး၏ကိုယ်စား မောင်မယ်သစ်လွင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မောင်မယ်သစ်လွင်များနှင့် စုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးသည်။

ယင်းနောက်မောင်မယ်သစ်လွင်များက  အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကပြဖျော်ဖြေသော အဖွဲ့များအား ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းပေးအပ်ချီးမြှင့်သည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းဝင်းအတွင်း၌ သူနာပြုသင်တန်းသား၊ သင်တန်းသူများအတွက် လိုအပ်လျက်ရှိသည့် မီးဖိုဆောင် တည်ဆောက်ပြီးစီးနေမှုနှင့်ချက်ပြုတ်ကျွေးမွေးသည့်နေရာများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံကြီးရှိ မျက်စိဆောင်တွင် မျက်စိဝေဒနာရှင်များ အဆင်ပြေစွာကုသနိုင်ရန်အတွက်မျက်စိခွဲစိတ်ခန်းပြုပြင်မွမ်းမံဆောင်ရွက်ပြီးစီးနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုသက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပေးကာ လာရောက်ကုသလျက်ရှိသည့် မျက်စိဝေဒနာရှင်များအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)