ထားဝယ် ဇန်နဝါရီ ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ မဏ္ဍိုင်(၃)ရပ်အချင်းချင်းအပြန်အလှန် ထိန်းကျောင်းမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ် ဦးအုန်းသန်းက ဥပဒေအရာရှိများအနေဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးကဏ္ဍတို့တွင် အထောက်အကူပြုပါဝင်နေကြရသူများ ဖြစ်သည့်အလျောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာမှတ်သားကြရန် အထူးလိုအပ်ပါကြောင်း၊ မကြာမီအချိန်တွင် ဥပဒေပြုလွှတ်တော်များ ပေါ်ပေါက်လာမည်ဖြစ်၍ မိမိတို့၏ ပင်မလုပ်ငန်း များအပြင် ဥပဒေရေးဆွဲခြင်းလုပ်ငန်းကိုလည်း လေ့လာထားရန် လိုအပ်ကြောင်းပြောကြားပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်(၃)ရပ်တို့ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများ၊ ထားဝယ်ခရိုင်နှင့်ထားဝယ်မြို့နယ်တို့မှ ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)