နတ်မောက်မြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး သင်တန်းဖွင့်လှစ်

နတ်မောက် ဇန်နဝါရီ ၂၃ 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးသင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရင်မိုးက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ ကလေးနှင့်လူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းဖြစ်ရပ်စီမံခန့်ခွဲမှုနှင့် စေတနာ့ဝန်ထမ်းလုပ်ငန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း စသည့် အကြောင်းအရာများကို သင်ကြားဆွေးနွေးပေးခဲ့သည်။

အဆိုပါ သင်တန်းသို့ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/သူ(၃၅)ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းသား/ သူများအား ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ(၂၀၁၉)ခုနှစ် စာအုပ်အား လူမှုဝန်ထမ်းဦးစီးဌာနမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှဝင်း