ကော့သောင်း ဇန်နဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ် မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မူလွန်(အဏ္ဏဝါ) ကျောင်းတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ထူးနေမြတ်တစ်ရက်ဖြစ်သည့် ပြည်ထောင်စုဖြစ်ပေါ်လာပုံ၊ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသူများ၊လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုများ၊ မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များနှင့် ဗဟုသုတဖြစ်ဖွယ် ပြည်ထောင်စုနေ့ဆိုင်ရာ သမိုင်းကြောင်းများကို ဟောပြောခဲ့သည်။
ယင်းနောက် ကျောင်းသား၊ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြန့်ဝေသော (၇၉)နှစ်မြောက် ပြည်ထောင် စုနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းနှင့်ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသူများ၊ သိမှတ်ဖွယ်ရာဗဟုသုတများ၊ လွတ်လပ်ရေးကြိုးပမ်းခဲ့သည့် သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများများ ပြသခဲ့သည်။
အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံနေ့ထူးနေ့မြတ်များအကြောင်းကို သိရှိစေရန်၊ လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေးတို့ကို အစဉ်မျှော်တွေး၍ အဆိုပါအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)