ဘိုကလေး ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္ဇနိကာယမဟာသီဝံ ကျောင်းတိုက်တွင် (၃၃)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြမည့် မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဘိုကလေးမြို့နယ်အတွင်းမှ ရဟန်းတော်များ၊ ရှင်သာမဏေများအား ယမန်နေ့ ညနေ (၄)နာရီအချိန်၌ ဘိုကလေး-စက်ဆန်းလမ်းဆုံ၊ အမှတ်(၁၈)လမ်း၌ စုရပ်ထား၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ စာမေးပွဲကျင်းပရေးကော်မတီဝင်များ ကြိုဆိုပင့်ဆောင်၍ မြို့နယ်တွင်း လှည့်လည်ခဲ့ကြသည်။
အဆိုပါ နိကာယ်ငါးရပ်စာမေးပွဲအား ဘိုကလေးမြို့နယ်၊ နိကာယ်သာသနာတော်ထွန်းလင်းတောက်ပရေးအသင်းမှကြီးမှူး ကျင်းပခြင်းဖြစ်ပြီး စာမေးပွဲအား ဘိုကလေးမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်များမှ မဟာဝါတန်း၊ ပါရဇိကတန်းပါး၊ စူဠပဗ္ဗပထမအဆင့်၊ စူဠပဗ္ဗဒုတိယအဆင့်၊ (၁၂၆)ပါး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်းနှင့် စာမေးပွဲအား ဇန်နဝါရီ (၂၄)မှ (၂၇)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး စာအောင်သဘင်အား ဇန်နဝါရီ (၂၈)ရက်နေ့တွင် ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း စာမေးပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
မိုးစက်(ဘိုကလေး)