ပုသိမ် ဇန်နဝါရီ ၂၄
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်၊ သင်္ဃန်းဒေါင့်ကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၄ ရက် မွန်းလွဲပိုင်းက အဆိုလမ်းသစ်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ သင်္ဃန်းဒေါင့်ကျေးရွာ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး၏ ဘဏ္ဍာရန်ပုံငွေများဖြင့် နေရာအကြားအလပ်မရှိ လမ်းတံတားများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အလှူရှင်အသီးသီး၏ လှူဒါန်းမှုများဖြင့်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တည်ဆောက်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်လျာထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လမ်းတံတားများရေရှည်တည်တံ့ရေးအတွက်လည်း ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း” ပြောကြားခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် ၂၁၆၀ ပေ၊ အကျယ် ၈ ပေနှင့် ထု ၆ လက်မရှိကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ရေကြည်မြို့၊ ဒီပါရုမ်စေတီတော်မြတ်ကြီး၏ ပရဝဏ်အတွင်း တည်ထားကိုးကွယ်တော်မူသည့် ဒီပါမုနိဘယရန်အောင်ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋီကျောင်းဆောင်တော်တည်ဆောက်ရေးအတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့သည်။
ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် ရေကြည်မြို့၊ ဒီပါရုမ် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များက (၅)ပါးသီလခံယူဆောက်တည်ခဲ့ကြပြီးနောက် အလှူငွေများပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးမိသားစုက လှူဒါန်းသော အလှူငွေများကို ဂန္ဓကုဋီကျောင်းဆောင်တော် တည်ဆောက်ရေးအကျိုးတော်ဆောင်ဥက္ကဋ္ဌကလည်းကောင်း၊ အလှူရှင်များလှူဒါန်းသော အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကလည်းကောင်း လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ရေကြည်မြို့၊ မင်္ဂလာရာမကျောင်းတိုက်ဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဒီပါမုနိဘယရန်အောင်ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋီကျောင်းဆောင်တော် တည်ဆောက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးစေရေးနှင့် အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်၊ ငှက်ပျောတောကွင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦအတွက် မြေနေရာလှူဒါန်းခဲ့သော အလှူရှင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီးနောက် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦ အတွင်းအပြင် သန့်ရှင်းမှုရှ်ိစေရေး၊ ဆေးခန်းသုံးပစ္စည်းများ စနစ်တကျထားရှိစေရေးနှင့် ရေရှည်တည်တံ့မှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)