သာကေတမြို့နယ် မြန်မာ့ရိုးရာထမနှဲထိုးပြိုင်ပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၄               

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူးကျင်းပသော ရပ်ကွက်ပေါင်းစုံမြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းက သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်ရှိ ဘောလုံးကွင်း၌ကျင်းပရာ ပြိုင်ပွဲဝင်ပေါင်း(၁၉)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ မြန်မာ့ရိုးရာထမဲနှဲထိုးပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် လူငယ့်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီမှတာဝန်ရှိသူများ၊ သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှတာဝန်ရှိသူများ အလှုရှင်များ၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသူများ၊ ရပ်ကွက်နေပြည်သူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဖွင့်ပွဲအခမ်းအနားကို သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြန်မာ့ရိုးရာထမနှဲထိုးပြိုင်ပွဲ ဒိုင်အဖွဲခေါင်းဆောင် ဒေါ်တင်တင်အေးက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများပြောကြားကာ အနုပညာရှင်များက တေးသံသာများဖြင့်ဖျော်ဖြေသီဆိုခဲ့ကြသည်။

ထိုနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက တပျော်တပါးမြန်မာ့ရိုးရာထမနဲထိုးနေကြသည့် ပြိုင်ပွဲဝင်ရပ်ကွက်အသင်းများအား လှည့်လည်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးပေးသောအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးပြန်လည်အပ်ခဲ့သည်။

ထိုနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက မြန်မာ့ရိုးရာထမနဲပြိုင်ပွဲတွင် ပထမဆုရ ၁၀/တောင်ရပ်ကွက်အသင်းအား ကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ ဒုတိယဆုရ ၂/တောင်ရပ်ကွက်အသင်းအား ကျပ် ၁၆ သိန်းကိုလည်းကောင်း၊ တတိယဆုရ ၁/အနော်မာရပ်ကွက်အသင်းအား ကျပ် ၁၂ သိန်းကိုလည်းကောင်း၊ နှစ်သိမ့်ဆုနှင့်ဂုဏ်ပြုဆုရ ရပ်ကွက်အသင်းများအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

​အောင်မြင့်(ပြန်/ဆက်)