အောင်လံ ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းလျော့နည်းစေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်ရည်ရွယ်၍ သီးနှံများတွင် ပိုးသတ်ဆေးဓာတ် ကြွင်းလျော့နည်းစေရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ၂ နာရီက အောင်လံမြို့၊ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းဇော် ဦးဆောင်သည့် တိုင်းမြေအသုံးချရေး၊ တိုင်းမျိုးစေ့နှင့် တိုင်းသီးနှံကာကွယ်ရေး ပညာရှင်များက ဦးဆောင်ဆွေးနွေးခဲ့ကြသီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် မကွေးတိုင်းဒေသ ကြီးအတွင်း ပဲမျိုးစုံသီးနှံစိုက်ဧရိယာ (၁,၅၅၁,၁၉၀)ဧကတွင် မတ်ပဲသီးနှံ (၆၆,၃၂၆)ဧကနှင့် ပဲတီစိမ်းသီးနှံ (၆၁၇,၉၉၈)ဧက စိုက်ပျိုးထားရှိပြီး၊ အောင်လံခရိုင်အတွင်း၌ ပဲမျိုးစုံသီးနှံစိုက် ဧရိယာ (၂၄၄,၄၅၉)ဧက၊ မတ်ပဲ (၃၆၇၈)ဧက နှင့် ပဲတီစိမ်း (၁၅၂,၈၁၄)ဧက စိုက်ပျိုးထားရှိ လျက်ရှိရာ အဆိုပါသီးနှံများကို ဒေသတွင်းစားသုံးရန်သာမက ပြည်ပသို့တင်ပို့ရောင်းချရန် အတွက်ပါ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
စိုက်ပျိုးထားသော ဆောင်းရာသီမတ်ပဲနှင့် ပဲတီစိမ်းသီးနှံများတွင် ပိုးသတ်ဆေးသုံးစွဲမှု လျော့ချပြီး ပန်းတိုင်အထွက်နှုန်း မထိခိုက်စေဘဲ ဓာတ်ကြွင်းလျော့နည်းသော သီးနှံများထွက်ရှိစေရန် အသိပညာပေးပြောကြားခဲ့ပြီး၊ အခမ်းအနားသို့ မျိုးစေ့၊ ပိုးသတ်ဆေး အရောင်းဆိုင်များမှ (၂၇)ဦးနှင့် ကျေးရွာ အုပ်စု (၄) အုပ်စုမှ တောင်သူပေါင်း (၃၆)ဦး၊ စုစုပေါင်း (၆၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)