အိမ်မဲမြို့ အ.မ.-က(ကျွဲလမ်း)တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်ရင်းဆေးဖြင့်ဆေးကုသပေး

အိမ်မဲ ဇန်နဝါရီ  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ထိန်ငူကျေးရွာအုပ်စု အ.မ.က(ကျွဲလမ်း)တွင် တာဝန်ရှိသူများကပူးပေါင်း၍ (၇)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်ရင်းဆေးဖြင့် ဆေးကုသပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကျောင်းသား/သူ၊ လူငယ်၊ လူရွယ်များအား အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ စာဖတ်ရှိန်မြင့်မားရေးအတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဥ်များဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းက စားသုံးရန်မသင့်သော အစားအစာများ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်ဖြိုးသန္တာအောင်က မီးဖိုချောင်သုံးပစ္စည်းများ၏ အသုံးဝင်ပုံအကြောင်းကိုလည်းကောင်း အသီးသီးအကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ အဆိုပါကျောင်းရှိဆရာ/မများ ကျောင်သား/သူများအား တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်း၊ သောက်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ယင်းနောက် မြို့နယ်ပြန်/ဆက်ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများကို သက်ငယ်မုဒိမ်းမှုပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သုတ၊ ရသ ရရှိစေမည့် စာအုပ်စောင်များ၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ “ပတ်ဝန်းကျင်သာယာဖို့ စနစ်တကျ အမှိုက်စွန့်ပစ်ကြပါစို့” စသည့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရှိရာ ဆရာ/မများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ထိုကဲ့သို့ အသိပညာပေးဟောပြောပွဲများ၊ စာအုပ်ပြပွဲများ၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာမည်ဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို မြို့နယ်(Community Centre) ခန်းမတွင်သာမက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များရှိမည့် စာသင်ခန်းများအရောက် စဥ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)