ကော့သောင်း ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရွှေဇင်ယော်(၁)တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက စာဖတ်စွမ်းရည်တိုးတက်စေရန်နှင့် အသိပညာဗသုတများတိုးပွားစေရန် အားလပ်ချိန်များတွင် ဗဟုသုတရရှိသည့် စာအုပ်စာစောင်များအား ဖတ်ရှူလေ့လာရန်၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့်ပြည့်စုံ၍ အသိဉာဏ်ပညာဖွံ့ဖြိုးသူများဖြစ်စေရန် ဗဟုသုတရရှိစေသည့် ပြင်ပစာအုပ်၊ စာပေများကိုလည်း လေ့လာကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ပြုစုပျိုးထောင်ကြရန် လိုအပ်ကြောင်း၊ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများနှင့် သုတ၊ ရသစာပေအမျိုးအစားများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းအလေ့အကျင့်ဖြစ်စေရန် စာအုပ်စာစောင်များ ဖတ်ရှုစေခဲ့ပြီး မိမိဖတ်ရှုခဲ့သည့် စာအုပ်ပါအကြောင်းအရာများအား ပြန်လည်ဖတ်ပြဆွေးနွေးခြင်းများ ဆောင်ရွက်စေခဲ့သည်။
ယင်းနောက် စာအုပ်ပြပွဲတွင် ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)