ကြံခင်း ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကြံခင်း-ဘက်ရဲကားလမ်းဘေးတွင် တည်ထားကိုးကိုယ်လျက်ရှိသော တိလောကမာရဇိန် အေးချမ်းသာယာစေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းနှင့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ရာ ပင့်သဃာတော်အရှင်သူမြတ်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ခုနှစ်ရက်သားသမီးအလှူရှင်များ ကြွရောက်ချီးမြှင့်ကြသည်။
ရှေးဦးစွာ တိလောကမာရဇိန် အေးချမ်းသာယာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ရုပ်ပွားတော်မြတ်များအား ဝေဠုဝန်နိကာယဥပဥက္ကဋ္ဌ တွဲဘက်သာသနာပိုင် ကြို့ကုန်းကျောင်းကြီး ကျောင်းတိုက်ဦးစီးပဓာန နာယကဘဒ္ဒန္တပါလိတ ဆရာတော်ဦးဆောင်၍ ပင့်သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ကြသည်။ ထို့နောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ဘုရားကန့်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ ကြို့ကုန်းကျောင်းကြီး ကျောင်းတိုက်ဦးစီးပဓာန နာယကဘဒ္ဒန္တပါလိတထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ဖတ် သရဇ္ဈယ်ကြပြီး၊ စေတနာ အလှူရှင် ခုနှစ်ရက်သားသမီးများက ပင့်သံဃာတော်အရှင်သူမြတ်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီးနောက် ဘက်ရဲမြို့၊ မူလရွှေလှောင်းကြီးကျောင်းတိုက် ပဓာနနာယကသာသနာ့တက္ကသီလ မဟာဓမ္မာစရိယ ဒေါက်တာဘဒ္ဒန္တကောဝိဒထံမှ ရေစက်ချတရားတော်နာယူကာ ရေစက် သွန်းချ အမျှပေးဝေချသည်။
ယင်းနောက် ကြံခင်းမြို့နယ်၊ ရန်ကုန်အသင်းဥက္ကဋ္ဌ၊ ရွှေတီဂုံဘုရားတောင်ဘက်မုခ်ဓမ္မာရုံ၏ ဥက္ကဋ္ဌ ဦးစိန်ဌေးအား ဘုရားဒါယိကာမ ဒေါ်ခင်အုန်းမြင့်(ပညာရေး-ငြိမ်း)က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကြသည်။ ဆက်လက်ပြီး ဆရာတော်သံဃာတော်များအား ဘောဇဉ်အဟာရများ ဆက်ကပ် လှူဒါန်းခြင်း၊ ဧည့်ပရိသတ်များအား နံနက်စာ မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)